ဒီနှစ် ကလေးကလည်း ၃-လကျော်ပဲ ရှိသေးတဲ့အတွက် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းများ
ကို ကိုထက်အောင်လင်းသွားရင် မလိုက်တော့ဘူးလို့ စီစဉ်ထားပေမယ့်လည်း မထင်မှတ်ဘဲ
သင်တန်း ကျောင်း ၂-ခု ကို ရောက်သွားဖြစ်ပါသေးတယ်။
နှစ်တိုင်း သွားနေကျ ကိုထက်အောင်လင်း ဇာတိဖြစ်တဲ့ မြောင်းမြကို
ဒီနှစ်သင်္ကြန်မှာလည်း သွားဖြစ်ပါတယ်။ အပြန်မှာ ၁၀-တန်းစာမေးပွဲဖြေဆိုထားတဲ့ မနှင်းနှင်းစိုးကို
ဝင်ခေါ်ရင်းနဲ့ ၂၂-၄-၂၀၁၄ နေ့မှာ သာပေါင်းမြို့နယ် ယဉ်ကျေးလိမ္မာသင်တန်းကို ရောက်ဖြစ်ခဲ့ပါတယ်။
သင်တန်းက ၂၃-၄-၂၀၁၄
မှာ ဖွင့်မှာ ဖြစ်လို့ ကျောင်းလက်အပ်ခံတဲ့ရက်ဖြစ်ကြောင်း၊ ကျွန်မတို့ ရောက်သွားတဲ့
၂၂-၄-၂၀၁၄ မနက် ၁၀ နာရီကျော်လောက်မှာ ကျောင်းသား အယောက် ၅၀၀ ကျော် လက်ခံထားပြီးဖြစ်ကြောင်း
ကြားသိရလို့ ၀မ်းသာမိပါတယ်။ ရောက်နေတဲ့အချိန်တွင်းမှာ လည်း သင်တန်းတက်မည့် ကျောင်းသားများ
စာရင်းလာပေးသွင်းလျက် ရှိနေတာကိုလည်း တွေ့မြင်ခဲ့ ရပါတယ်။ ဒီနှစ်မှာ ကျောင်းမှာ အဆင့်
(၄)ဆင့်ထားကာ သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ သင်တန်း ကာလမှာ ၁၅-ရက်သင်တန်းဖြစ်ကြောင်းများကို
သင်တန်းဖြစ်မြောက်ရေးတာဝန်ခံဆရာတော် ဦးတိလောက က ပြောပြခဲ့ပါတယ်။
အလားတူ ကနဦးစက ကိုထက်အောင်လင်း
တစ်ယောက်တည်း သွားရောက်ဖို့ စိစဉ်ထားတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊
ဝါးရုံချောင်းအုပ်စု၊ ကြာအင်းကျေးရွာ၊ အာဒိစ္စာရာမ ကျောင်းတိုက်မှာ မွန်မြတ်စေတနာအသင်းက
ဖွင့်လှစ်ထားတဲ့ ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်းကို လည်း ရောက်ရှိခဲ့ပါတယ်။
ကိုထက်အောင်လင်းက
တစ်ဦးတည်း လိုင်းကားနဲ့သွားဖို့ စီစဉ်ထားရာက ကျွန်မကလည်း လိုက်ချင်တဲ့အတွက် သင်တန်းတာဝန်ခံဆရာတော်
ဦးဝိလာသ ကို ကားလမ်းပေါက်မပေါက် လှမ်းမေးရာ ဆရာတော် ရွာပြန်သွားတဲ့အတွက် ကျောင်းက
ကိုယ်တော်တစ်ပါးက ကားလမ်းမပေါက် ကြောင်း၊ ဆိုင်ကယ်နှင့်သာ လာလို့ရကြောင်း ပြန်ပြောသဖြင့်
ကလေးတစ်ဖက်နှင့် ကျွန်မ မလိုက် တော့ဘူးလို့ စိတ်လျော့ကာ နေလိုက်ပါတော့တယ်။
နောက်တစ်နေ့ ဆရာတော်က
ဖုန်းပြန်ဆက်ကာ ကားလမ်းမှလာမည်ဆိုလျှင် ရတဲ့ လမ်းကြောင်း ရှိကြောင်း လေးမျက်နှာ-အိုင်သပြု-ကျွန်းတော-မိသလင်ကုန်းမှ
လာလျှင်ရကြောင်း ပြောသဖြင့် သွားဖို့ အားခဲလိုက်ပါတော့တယ်။ ၂၂-၄-၂၀၁၄ နံနက်ပိုင်း သာပေါင်းမှ
ဆက်တိုက် ဟင်္သာတကို ထွက်လာခဲ့ပါတယ်။ ဟင်္သာတမှ အသိက ဖုန်းကြိုဆက်ထားသဖြင့် ညနေစာ ချက်ပြုတ်
ထားကြောင်း၊ စားပြီးမှ ခရီးဆက်ရန် ပြောသဖြင့် ဟင်္သာတမှ ည (၇) မှာ ဆက်လက် ခရီးဆက်ဖြစ်ခဲ့ပါ
တယ်။ ကားလမ်းပေါက်တယ်ဆိုတာကြောင့် အေးအေးလူလူမှ ခရီးဆက်လာကြခြင်းပါ။ အဲဒါကိုက မရောက်ဖူးသောခရီးတစ်ခုကို
နောက်ပိုင်း မှောင်မှောင်မည်းမည်းမှာ မသွားသင့်ကြောင်း ပညာတစ်ခု တော့ ရလိုက်ပါတယ်။
ပုံမှန်လမ်းမကြီးတွေပေါ်တော့ ပြသနာမရှိပေမယ့် အခုလို လူသိနည်း၊ မေးမြန်းရခက်တဲ့ နေရာတစ်ခုအတွက်တော့
လင်းလင်းထင်းထင်းက အဆင်ပြေမယ်ဆိုတာကို သိလိုက်ရပါတယ်။
အိုင်သပြုထိတော့ ပြသနာမရှိပါဘူး။
ကျွန်းတောက စလို့ တစ်ပြ(တကွေ့)စီလောက်သာ မေးမြန်းလို့ ရပါတော့တယ်။ လမ်းက ကြမ်းချက်ကတော့
ကားဆိုတာ အောက်ပိုင်း တစ်ဂျိဂျိနဲ့ တိုက်လိုက်တဲ့ဖြစ်ခြင်းပါ။ ဒါပေမယ့် ထွက်လာပြီးမှတော့
ရောက်အောင်သွားမယ်ဆိုပြီး ခရီးဆက်လာ ခဲ့ကြပါတယ်။ ကားပေါ်မှာ ကျွန်မတို့မိသားစု (၃)ယောက်၊
နှင်းစိုး၊ ကိုဝင်းဇော်၊ နေထွန်း အားလုံး (၅)ယောက်အပြင် မြောင်းမြမှ ၀ယ်လာသော ပစ္စည်းအလေးချိန်၊
သွားတုန်းက ရက်ရှည်မို့လို့ ထည့် သွားသော ပစ္စည်းအလေးချိန် ပေါင်းလိုက်တော့ တော်တော်လေးကို
ကားက ၀ိတ်များနေတာပါ။ မိသလင်ကုန်းကို ရောက်တော့ (၈)နာရီခွဲခါနီးနေပါပြီ။ ရွာတွေရဲ့သဘောအရ
စောစောအိပ်တတ်ကြ တာမို့ မီးလေးဖွင့်ထားတာတွေ့တာနဲ့ မေးလိုက်၊ ဆက်သွားလိုက်၊ လမ်းကကြမ်းတော့
လမ်းဆင်း လျှောက်လိုက်၊ လမ်းမှားပြီးထင်ပြီး ဘုန်းကြီးကျောင်းကို ဖုန်းဆက်မေးလိုက်နဲ့
(ဖုန်းကလည်း ကျွန်မ ဖုန်းတစ်လုံးသာ မိပါတော့တယ်၊ ဒါတောင် မိတစ်ချက် မမိတစ်ချက်ပါ)၊
တော်တော်ခရီးပေါက်လာခဲ့ပါ တယ်။ လမ်းမှာလည်း လမ်းညွှန်(ရွာဆိုင်းဘုတ်)တွေက ဖုန်တွေနဲ့
ညဘက်မှာ မမြင်ရတော့ ခဏခဏ ကျော်ကျော်သွားပါတော့တယ်။ ဒီလိုနဲ့ နောက်ဆုံး ရောက်ခါနီး
(၇)မိုင်ခွဲပဲ လိုတော့တယ်ဆိုတဲ့ နေရာ ကို ရောက်လာပါတော့တယ်။ နီးလာလို့ရယ်၊ လာတဲ့လမ်းက
မှန်တာကြောင့် ၀မ်းသာမိပေမယ့် လမ်းညွှန်ပေးသူက ကားလမ်းမရှိပါဘူး၊ လှည်းလမ်းသာ ရှိပါတယ်တဲ့။
ကိုထက်အောင်လင်းက ဘာလုပ်မလဲ၊ ဆက်သွားမှာလားလို့ မေးလာပါတယ်။ ရောက်ပြီးမှတော့ ဆက်သွားကြမယ်၊
ဆက်သွား လို့မရတော့ဘူးဆိုတဲ့ နေရာရောက်မှပဲ ရပ်ပြီး မနက်မှ အဆင်ပြေသလို ကြည့်လုပ်မယ်ဆိုတာကြောင့်
ဆက်သွားပါတယ်။ ကားက လမ်းလျှောက်သလောက် နီးနီးသွားနေရပါတော့တယ်။ လမ်းကို အရှေ့မှ ကိုဝင်းဇော်နှင့်
နေထွန်းတို့က လမ်းပြအဖြစ် ဆင်းလမ်းလျှောက်ကာ သူတို့နောက်မှ ကားက လိုက်ရပါ တယ်။ ကားဗိုက်ဆိုတာ
တိုက်လိုက်တဲ့ဖြစ်ခြင်း၊ ကားဝိတ်ခံနိုင်အောင် ကျွန်မလည်း တချို့နေရာတွေ မှာ လမ်းဆင်းလျှောက်ရပါတယ်၊
ကလေးနဲ့နှင်းစိုးကိုတော့ ကားပေါ်မှာပဲ ထိုင်ခိုင်းထားပါတယ်။ ကိုဝင်းဇော်က လမ်းပြရင်း တုတ်တစ်ချောင်းနဲ့ ဝေ့ယမ်း
သွားနေတာကြောင့် မေးကြည့်တော့ ဒီရာသီက အကောင်တွေ လှည်းလမ်းတွေမှာ ၀င်လူးနေတတ်တယ်၊ ဒါကြောင့်
တုတ်ကိုင်ထားတာတဲ့၊ နှင်းစိုးကို ဘာကောင်တွေလဲလို့ မေးကြည့်တော့ မြွေ တဲ့။ စောစောက
ဆင်းလျှောက်နေတုန်းက ကျွန်မ မကြောက်ပါဘူး။ သိလိုက်ရတော့မှ ကြောက်လိုက်သည့်ဖြစ်ခြင်း၊
ဖုန်းကလည်း လိုင်းက မိတစ်ချက် မမိတစ်ချက်ဖြစ်နေတာကြောင့် အားက တော်တော်ကုန်နေပါပြီ၊
ဆရာတော်က ဖုန်းဆက် တိုင်း ကျွန်မ ကိုင်ပြီး ဖြေနေတဲ့အတွက် “နေပါဦး ဒကာမ ပါလာတာလား”
“တင်ပါ့၊ တပည့်တော် ပါလာပါတယ် ဘုရား”ဆိုတော့ “ဒါဖြင့် ကလေးလေးကော” “တပည့်တော် ပါလာမှတော့
ကလေး လည်း ပါလာတာပေါ့ ဘုရား” “ကြာအင်းရွာထိပ်မှာ ကြိုဖို့ ဆိုင်ကယ် လွှတ်ထားတယ်” ဟု
ဖြေပြီး ဖုန်းလည်း အားကုန်သွားပါတော့တယ်။ ညဘက်က တအား မှောင်နေတဲ့အတွက် ခဏအကြာ မီးရောင်လေး
မြင်လိုက်ရတော့ တအား ၀မ်းသာသွားပါတယ်၊ အနားကပ်မှ ထော်လာဂျီ ဖြစ်နေတာ ကြောင့် အားလုံး
ရယ်လိုက်ရပါတယ်။ လမ်းမှာ မေးမြန်းစုံစမ်းရင်း အရောင်ရောင်အမှားမှားတွေက လည်း တော်တော်
ရယ်ရပါတယ်။ ဆိုပါတော့ ဒီလိုနဲ့ နောက်ဆုံးတော့ ည (၁၀)နာရီကျော်လောက်မှာ ဘုန်းကြီးကျောင်းကို
ရောက်သွားပါတော့တယ်။
ဒီခရီးမှာ မညည်းမညူနဲ့
လိုရာခရီးကို ချောချောမွေ့မွေ့ ပို့ဆောင်ပေးတဲ့ ကားလေးကိုလည်း ကျေးဇူးတင်သလို ငယ်ပေမယ့်
ဂျီမကျဘဲ မိဘတွေသွားချင်တဲ့နေရာကို ကျန်းကျန်းမာမာ ရယ်ရယ် ပြုံးပြုံးနဲ့ လိုက်လာပေးတဲ့
သမီးလေးကိုလည်း ကျေးဇူးတင်ပါတယ်။ နောင် ဒီလို ကိုယ်မကျွမ်းကျင်တဲ့ ခရီးကို သွားမယ်ဆိုရင်
အလင်းရောင်ရှိတုန်း သွားသင့်ကြောင်း၊ ဖြစ်နိုင်ရင် ကားပေါ် ပေါက်တူး၊ လမ်းခုဖို့ သစ်သားချောင်း
စသဖြင့် ထည့်သွားသင့်တယ်ဆိုတဲ့ ပညာတစ်ခုလည်း ရလိုက်ပါတယ်။ ကျောင်းတိုင်ဘုန်းကြီးကလည်း
ကျောင်းကို ရန်ကုန်က ကား ရောက်လာခြင်းဟာ ဒါ ပထမဦးဆုံးဖြစ် ကြောင်း ပြောသဖြင့် ၀မ်းသာမိပါတယ်။
မွန်မြတ်စေတနာအသင်းက ဖွင့်လှစ်ထားတဲ့
ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်းကို ရောက်ရှိ ခဲ့တဲ့ ပုံရိပ်အချို့ကို ဖော်ပြလိုက်ပါတယ်။
သင်တန်းမှ ဆရာတော် ဦးဝိလာသ သင်ကြားပို့ချနေစဉ်၊
သင်တန်းနည်းပြ ဆရာမနှစ်ဦးမှ ကဗျာအလင်္ကာများ ရွတ်ဆိုနည်းကို
သင်ကြားပေးနေစဉ်၊
မွန်မြတ်စေတနာအသင်းမှ ဖွင့်လှစ်ထားသော စာကြည့်တိုက်၊
လုပ်အားပေးအဖွဲ့များကြားမှ သမီးငယ်လေး၊
ရွာကို လိုက်လံ လေ့လာ လည်ပတ်စဉ်၊
လုပ်အားပေးအဖွဲ့များနှင့် အမှတ်တရ၊
အပြန်ခရီးပုံရိပ်တချို့
0 comments:
Post a Comment