Latest Entries »

Tuesday, December 25, 2012

ပိုသူမှ လိုသူသို့




-->
          ယခုတစ်ကြိမ်တွင် လှူဒါန်းခွင့်ရခဲ့သော စက်ဘီးအလှူ၊ ကွန်ပျူတာအလှူတို့နှင့် စပ်လျဉ်းကာ တချို့တချို့သော သူများတွင် ပိုနေသည်ဟု ထင်ရသောအရာများသည် အနည်းငယ် ပြုပြင်လိုက်ပါက တချို့တချို့သော နေရာတော်တော် များများတွင် လွန်စွာအသုံးဝင်နေသေးသည်ကို သိရှိခဲ့ရပါသည်။
တစ်ခါတရံ ကိုယ့်အတွက် အသုံးမလိုတော့ဟု ထင်ရသော အ၀တ်အထည်၊ အသုံးအဆောင်၊ အသုံးပြုပစ္စည်း များသည် အသုံးလို၊ အသုံးတည့်သောနေရာများတွင် လွန်စွာ အသုံးဝင်နေပါသေးသည်။ ဒါကြောင့် ကိုယ့်အတွက် အသုံးမလိုဟု ထင်သောအရာများကို (တခြားနေရာများအတွက် အသုံးဝင်နေသေးသည်ဟု ထင်ပါက ဆက်သွယ်အကြောင်းကြားလိုက်ပါ။) တကယ် လိုအပ်သည့်နေရာများစွာ ရှိနေပါသည်။ ကိုယ်တိုင် မစုံစမ်းနိုင်ပါကလည်း စုံစမ်းပေးပါမည်။  သွားရောက်လှူဒါန်းပေးပါမည်။ မအားလပ်သဖြင့်ဖြစ်စေ၊ အချိန်မပေး နိုင်သဖြင့်ဖြစ်စေ၊ လှူဒါန်းချင်လျက်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်မလုပ်ဆောင်နိုင်ပါက ဆက်သွယ် နိုင်ပါသည်။

-->


ဆက်လက်ဆောင်ရွက်ခဲ့သော အလှူများ
ကွန်ပျူတာအလှူ
          ကြည့်မြင်တိုင်မြို့နယ်မှ ဦးခင်မောင်ထွေး+မလှသူဇာခင်၊ သမီး-အေးသစ္စာဦးတို့နှင့် စကားစပ်မိရာမှ ကွန်ပျူတာတစ်စုံ ရသလောက်နှင့် ရောင်းလိုကြောင်း၊ မသုံးတာကြာပြီဖြစ်သောကြာင့် စစ်ကြည့်တော့ Board  မကောင်းတော့ကြောင်း၊ ကျန်တာ အကုန်ကောင်းကြောင်း သိရသဖြင့် ဆိုင်တွင်လည်း အလားတူ စက်တစ်လုံး ရှိကြောင်း၊ နှစ်လုံးတစ်လုံး ပေါင်းလို့ရပါက တစ်စုံစာအပြည့် လှူဒါန်းနိုင်ကြောင်း စီစဉ်ပေးမည်ဟု ပြောကြားကာ ပေါင်းကြည့်ပေမယ့် စက်က အဆင်မပြေသဖြင့် ကျန်ရှိသော ပစ္စည်းများသာ လှူဒါန်းပေးရန် စီစဉ်လိုက်ပြီဟု အလှူရှင်အား အသိပေးခဲ့ရာ အလှူရှင်မှလည်း လှူတော့မည်ဟု စိတ်ဆုံးဖြတ်ပြီးသွားပြီမို့ အဆင်ပြေသလိုသာ စီစဉ်ပေးပါရန် ပြန်လည်ပြောကြားလာပါသည်။
          လှူမည့်နေရာသို့လည်း Board အခြေအနေကို ပြောပြရာ အလှူလက်ခံမည့် ပညာဒါနကျောင်းမှ သူတို့ ဘာသာ စီစဉ်လိုက်မည်၊ အဆင်ပြေပါသည်ဟု ဆိုသောကြောင့် ၂၄-၁၀-၂၀၁၂ ရက်နေ့တွင် သွားရောက်ကာ ပို့ဆောင်ပေးခဲ့ပါသည်။
          သွားရောက်လှူဒါန်းခဲ့သော ပညာ့ဒါနကျောင်းမှာ ရွှေပြည်သာမြို့နယ်ရှိ Informative and Dynamic Language Laboratory ပညာ့ဒါနသင်တန်းကျောင်း ဖြစ်ပြီး ၂၀၀၇ ခုနှစ် မတ်လ ၂၇ ရက်နေ့က စတင်ကာ တည်ထောင်ခဲ့ပြီး Founder မှာ ဆရာချမ်းငြိမ်း ဖြစ်ပါကြောင်း သိရပါသည်။

တရားအလှူ
          အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးလို့ သိထားပေမယ့် ကိုယ်ပြုလိုက်တဲ့ အလှူတစ်ခု တရားအလှူအဖြစ် သက်ရောက်မှုရှိသွားလို့ ၀မ်းမြောက်မိပါတယ်။ ၂၈-၁၀-၂၀၁၂ ရက်နေ့တွင် တရားနာလိုသူ တစ်ယောက်၊ သူ၏ EVD စက်ပျက်သွားသဖြင့် တရားမနာဖြစ်တော့သည်ကို သိရှိထားပေမယ့် အခြေအနေအရ မ၀ယ်ပေးဖြစ်ခဲ့ပဲ ၂-လလောက်ကြာတော့မှ တိုက်ဆိုင်စွာဖြင့် ၀ယ်ပေးဖြစ်ခဲ့ပါသည်။ စိတ်ထဲမှာတော့ ကိုယ်လုပ် ချင်သော ကိစ္စရပ်တစ်ခု ပြီးမြောက်သွားပြီမို့ တော်တော်လေး စိတ်သက်သာရာရသွားခဲ့ပါသည်။ ညနေဘက် ကိုထက်အောင်လင်းကို ပြောပြတော့ ဒါဟာ တရားအလှူအဖြစ် သက်ရောက်ကြောင်း၊ အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်ကြောင်း ပြောလာသဖြင့် ကိုယ့်အလှူအတွက် အတိုင်းမသိ ၀မ်းသာမိပါသည်။
လိုအပ်နေသူကို၊ လိုအပ်ချိန်မှာ လှူလိုက်ရတဲ့အတွက် ကာလဒါန မြောက်ကြောင်းကိုလည်း ရှင်းပြခဲ့ပါသည်။ လှူချင်စိတ်တစ်ခုတည်းနဲ့ လုပ်ဆောင်ခဲ့ပေမယ့် ယခုလို အကျိုးသက်ရောက်မှုများကြောင်း သိရတဲ့အတွက် အတိုင်းမသိ ကြည်နူးပါရကြောင်း . . .

0 comments: