Latest Entries »

Tuesday, December 25, 2012

ပိုသူမှ လိုသူသို့




-->
          ယခုတစ်ကြိမ်တွင် လှူဒါန်းခွင့်ရခဲ့သော စက်ဘီးအလှူ၊ ကွန်ပျူတာအလှူတို့နှင့် စပ်လျဉ်းကာ တချို့တချို့သော သူများတွင် ပိုနေသည်ဟု ထင်ရသောအရာများသည် အနည်းငယ် ပြုပြင်လိုက်ပါက တချို့တချို့သော နေရာတော်တော် များများတွင် လွန်စွာအသုံးဝင်နေသေးသည်ကို သိရှိခဲ့ရပါသည်။
တစ်ခါတရံ ကိုယ့်အတွက် အသုံးမလိုတော့ဟု ထင်ရသော အ၀တ်အထည်၊ အသုံးအဆောင်၊ အသုံးပြုပစ္စည်း များသည် အသုံးလို၊ အသုံးတည့်သောနေရာများတွင် လွန်စွာ အသုံးဝင်နေပါသေးသည်။ ဒါကြောင့် ကိုယ့်အတွက် အသုံးမလိုဟု ထင်သောအရာများကို (တခြားနေရာများအတွက် အသုံးဝင်နေသေးသည်ဟု ထင်ပါက ဆက်သွယ်အကြောင်းကြားလိုက်ပါ။) တကယ် လိုအပ်သည့်နေရာများစွာ ရှိနေပါသည်။ ကိုယ်တိုင် မစုံစမ်းနိုင်ပါကလည်း စုံစမ်းပေးပါမည်။  သွားရောက်လှူဒါန်းပေးပါမည်။ မအားလပ်သဖြင့်ဖြစ်စေ၊ အချိန်မပေး နိုင်သဖြင့်ဖြစ်စေ၊ လှူဒါန်းချင်လျက်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်မလုပ်ဆောင်နိုင်ပါက ဆက်သွယ် နိုင်ပါသည်။

-->


ဆက်လက်ဆောင်ရွက်ခဲ့သော အလှူများ
ကွန်ပျူတာအလှူ
          ကြည့်မြင်တိုင်မြို့နယ်မှ ဦးခင်မောင်ထွေး+မလှသူဇာခင်၊ သမီး-အေးသစ္စာဦးတို့နှင့် စကားစပ်မိရာမှ ကွန်ပျူတာတစ်စုံ ရသလောက်နှင့် ရောင်းလိုကြောင်း၊ မသုံးတာကြာပြီဖြစ်သောကြာင့် စစ်ကြည့်တော့ Board  မကောင်းတော့ကြောင်း၊ ကျန်တာ အကုန်ကောင်းကြောင်း သိရသဖြင့် ဆိုင်တွင်လည်း အလားတူ စက်တစ်လုံး ရှိကြောင်း၊ နှစ်လုံးတစ်လုံး ပေါင်းလို့ရပါက တစ်စုံစာအပြည့် လှူဒါန်းနိုင်ကြောင်း စီစဉ်ပေးမည်ဟု ပြောကြားကာ ပေါင်းကြည့်ပေမယ့် စက်က အဆင်မပြေသဖြင့် ကျန်ရှိသော ပစ္စည်းများသာ လှူဒါန်းပေးရန် စီစဉ်လိုက်ပြီဟု အလှူရှင်အား အသိပေးခဲ့ရာ အလှူရှင်မှလည်း လှူတော့မည်ဟု စိတ်ဆုံးဖြတ်ပြီးသွားပြီမို့ အဆင်ပြေသလိုသာ စီစဉ်ပေးပါရန် ပြန်လည်ပြောကြားလာပါသည်။
          လှူမည့်နေရာသို့လည်း Board အခြေအနေကို ပြောပြရာ အလှူလက်ခံမည့် ပညာဒါနကျောင်းမှ သူတို့ ဘာသာ စီစဉ်လိုက်မည်၊ အဆင်ပြေပါသည်ဟု ဆိုသောကြောင့် ၂၄-၁၀-၂၀၁၂ ရက်နေ့တွင် သွားရောက်ကာ ပို့ဆောင်ပေးခဲ့ပါသည်။
          သွားရောက်လှူဒါန်းခဲ့သော ပညာ့ဒါနကျောင်းမှာ ရွှေပြည်သာမြို့နယ်ရှိ Informative and Dynamic Language Laboratory ပညာ့ဒါနသင်တန်းကျောင်း ဖြစ်ပြီး ၂၀၀၇ ခုနှစ် မတ်လ ၂၇ ရက်နေ့က စတင်ကာ တည်ထောင်ခဲ့ပြီး Founder မှာ ဆရာချမ်းငြိမ်း ဖြစ်ပါကြောင်း သိရပါသည်။

တရားအလှူ
          အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးလို့ သိထားပေမယ့် ကိုယ်ပြုလိုက်တဲ့ အလှူတစ်ခု တရားအလှူအဖြစ် သက်ရောက်မှုရှိသွားလို့ ၀မ်းမြောက်မိပါတယ်။ ၂၈-၁၀-၂၀၁၂ ရက်နေ့တွင် တရားနာလိုသူ တစ်ယောက်၊ သူ၏ EVD စက်ပျက်သွားသဖြင့် တရားမနာဖြစ်တော့သည်ကို သိရှိထားပေမယ့် အခြေအနေအရ မ၀ယ်ပေးဖြစ်ခဲ့ပဲ ၂-လလောက်ကြာတော့မှ တိုက်ဆိုင်စွာဖြင့် ၀ယ်ပေးဖြစ်ခဲ့ပါသည်။ စိတ်ထဲမှာတော့ ကိုယ်လုပ် ချင်သော ကိစ္စရပ်တစ်ခု ပြီးမြောက်သွားပြီမို့ တော်တော်လေး စိတ်သက်သာရာရသွားခဲ့ပါသည်။ ညနေဘက် ကိုထက်အောင်လင်းကို ပြောပြတော့ ဒါဟာ တရားအလှူအဖြစ် သက်ရောက်ကြောင်း၊ အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်ကြောင်း ပြောလာသဖြင့် ကိုယ့်အလှူအတွက် အတိုင်းမသိ ၀မ်းသာမိပါသည်။
လိုအပ်နေသူကို၊ လိုအပ်ချိန်မှာ လှူလိုက်ရတဲ့အတွက် ကာလဒါန မြောက်ကြောင်းကိုလည်း ရှင်းပြခဲ့ပါသည်။ လှူချင်စိတ်တစ်ခုတည်းနဲ့ လုပ်ဆောင်ခဲ့ပေမယ့် ယခုလို အကျိုးသက်ရောက်မှုများကြောင်း သိရတဲ့အတွက် အတိုင်းမသိ ကြည်နူးပါရကြောင်း . . .

Friday, December 21, 2012

စက်ဘီးအလှူခရီး

-->
၁၇-၁၀-၂၀၁၂ နေ့ကတည်းက သွားရောက်လှူဒါန်းပြီးခဲ့ပေမယ့် ယခုမှသာ သွားရောက်လှူဒါန်းဖြစ်ပုံများကို ဖော်ပြဖြစ်ခဲ့ပါသည်။ ကိုယ်တိုင် မလိုက်ပါနိုင်သောအလှူရှင်များ ကိုယ်တိုင် သွားရောက်ခဲ့ရသလို ခံစားစေချင်သောကြောင့် ယခုကဲ့သို့ ပုံများများ ဖော်ပြထားခြင်းဖြစ်ပါသည်။
-->
စက်ဘီးအလှူစာရင်းရှင်းတမ်း
          ကောက်ခံရရှိသောအလှူငွေ                ၁၁၅၀၀၀ိ/-
          စက်ဘီး ၃ စီး (ဂျပန်) ကုန်ကျငွေ          ၁၀၇၅၀၀ိ/-
သွားလာစရိတ်နှင့် အခြားသော လိုငွေများအား ကိုထက်အောင်လင်း+မအေးအေးငြိမ်းတို့မှ စိုက်ထုတ်ကျ ခံခဲ့ပါသည်။
အလှူခရီး
လက်ဦးတွင် အလှူရှင်များဖြစ်သော ဦးဆန်းအောင်မြင့်+ဒေါ်ခင်အေးဝင်း၊ အေးရိပ်မွန် ၁-လမ်းမှ စက်ဘီး ၂ စီး လှူဒါန်းရန်ရှိကြောင်း၊ သင့်တော်မည့်နေရာတွင် လှူဒါန်းပေးစေချင်ကြောင်း ပြောကြားလာရာမှ အစပြုကာ စက်ဘီး ၅ စီး အလှူသည် ၁၇-၁၀-၂၀၁၂ (ကြာသပတေးနေ့)တွင် အထမြောက်အောင်မြင်ခဲ့ပါ သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ နင်းကြမ်းကျေးရွာတွင် သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ်မှစတင် ပေါ်ပေါက်လာသော ကျောင်းတစ်ကျောင်းဖြစ်ပြီး ၂၀၀၄ ခုနှစ် (၁၉ နှစ်ကြာ) မှသာ အုတ်မိုး၊ သွပ်မိုးကျောင်းအဖြစ် ပြောင်းလဲဆောက်လုပ်ခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီး၏ ပြောပြချက် အရ သိခဲ့ပါသည်။
ယခင်က ရွာကျောင်းမှ မူလတန်းအောင်ပါက အလယ်တန်းကို သွားလာရေးအခက်အခဲကြောင့် မူလတန်းနှင့် ရပ်လိုက်ရသော ကလေးများ ပိုများကြောင်း၊ ယခုအချိန်ထိ ဘွဲ့ရသူမှာ ၇-ယောက်သာ ရှိသေး ကြောင်း၊ ယခု လှိုင်သာယာ ခွဲ (၈)၊ ထ (၃) တို့မှ လက်ခံလာသဖြင့် အလယ်တန်းကို ဆက်တက်သော ကလေး များ ပိုများလာကြောင်း၊ ယခု ဆို ကျောင်းသား/သူ အယောက် (၄၀)လောက်ထိ ရှိပြီဖြစ်ကြောင်း၊ တချို့ကတော့ စက်ဘီးများရှိကြောင်း၊ စက်ဘီးမရှိသော ကျောင်းသား/သူများက ပိုများကြောင်း၊ ယခုလို လာရောက်ကာ သွားရေးလာရေး အဆင်ပြေစေရန်အတွက် စက်ဘီးလှူဒါန်းခြင်းကို လှိုက်လှိုက်လှဲလှဲ ၀မ်းသာပါကြောင်း ရွာကော်မတီအတွင်းရေးမှူးမှ ပြောကြားခဲ့ပါသည်။
စက်ဘီးများကို ရွာကော်မတီမှ နှစ်စဉ် မဲနှိုက်ကာ မဲပေါက်သော ကလေးများအား အသုံးပြုခွင့်ပြုမှာ ဖြစ်ပြီး၊ ကျောင်းပိတ်ရက်များတွင် ရွာကော်မတီမှ ပြန်လည် သိမ်းဆည်းထားမှာ ဖြစ်ပါတယ်။ စက်ဘီးပြန် အပ်ချိန်တွင် အပျက်အစီးများရှိပါက ပြန်လည်ပြင်ဆင်ပေးပြီးမှ ရွာကော်မတီသို့ ပြန်လည် အပ်နှံရမှာ ဖြစ်ပါ တယ်။ တကယ်လို့ မပြင်ဆင်နိုင်လျှင်လည်း ကော်မတီမှ ပြင်ဆင်ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်ကို အသုံးပြုသူမှ ကျခံရမည်ဖြစ်ပါကြောင်းလည်း ရှင်းပြခဲ့ပါသည်။
ကျောင်းမှာ မိုးတွင်း ရေတက်သဖြင့် နှစ်စဉ် ရွာဦးကျောင်းကို တစ်နှစ်ကို ၁-လ၊ ၂-လလောက် ရေကျ သည်အထိ သွားရောက် သင်ကြားရကြောင်း (ကိုထက်အောင်လင်း ရွာကို သွားရောက်စုံစမ်းစဉ်ကလည်း ရေတက်နေသည်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရကြောင်း)၊ နှစ် ၄၀ နီးပါးရှိနေပြီဖြစ်သော ကျောင်းကို ရွာမှ ၀ိုင်းဝန်း ကာ ထိန်းသိမ်းထားကြောင်း (ဓာတ်ပုံများတွင် ကျောင်းပုံများကို အပြည့်အ၀ ဖော်ပြထားပါမည်။)၊ ဒီနှစ်နွေမှတော့ ကျောင်းကို အနည်းငယ် ပြုပြင်နိုင်ရန် ကြိုးစားနေကြကြောင်း၊ ကျောင်းတွင် နေပူလာပါက လည်း ကျောင်းတွင်းမှာ စာမသင်နိုင်လောက်အောင် ပူသောကြောင့် ကျောင်းအပြင်ထွက်ကာ သစ်ပင်ရိပ်များ တွင် သင်ရကြောင်း၊ ပန်ကာလှူမည်ဆိုလျှင်ကောဟု စကားပြောကြည့်ရာ မီးလည်း မရှိကြောင်း သိခဲ့ရပါသည်။  ကိုယ်ပိုင် ထရန်စဖော်မာအတွက် ကုန်ကျစရိတ်မှာ များလွန်းလို့ ရွာမှာ မီးမရှိကြောင်း၊ ရွာက ရန်ကုန်တိုင်း အတွင်းမှာ ရှိနေပေမယ့်လည်း အလှူရှင် အရောက်ပေါက်နည်းကြောင်းကို သိခဲ့ရပြန်ပါသည်။
စက်ဘီးမဲပေါက်သူများကို ကံစမ်းမဲနှိုက် ရွေးချယ်ခဲ့ရာ -
          ၁။       မအိရွှေစင်                          ၆-တန်း အ.ထ.က (၃)၊ လှိုင်သာယာ
          ၂။       မရွှေဇင်ထွန်း                        ၆-တန်း အ.ထ.က (၃)၊ လှိုင်သာယာ
          ၃။       မောင်ပိုင်စိုးစံ                        ၅-တန်း အ.ထ.က ခွဲ (၈)၊ လှိုင်သာယာ
          ၄။       မအိအိမျိုး                           ၇-တန်း အ.ထ.က ခွဲ (၈)၊ လှိုင်သာယာ
          ၅။       မောင်လင်းလင်းထွန်း              ၅-တန်း အ.ထ.က ခွဲ (၈)၊ လှိုင်သာယာ
နင်းကြမ်းကျေးရွာကို သွားမည်ဆိုလျှင် လှိုင်သာယာ ရိုးလေးမှတ်တိုင်ဆင်း၊ ရိုးလေးကျေးရွာလမ်းမကြီး အတိုင်း ရွာအဆုံးထိ လမ်းလျှောက်ပါ (ပုံမှန်-မိနစ် ၃၀၊ ဖြည်းဖြည်း-၁ နာရီ/ ၁နာရီကျော်ဝန်းကျင် လျှောက်ရ ပါသည်။)။ (ဆိုင်ကယ်ကယ်ရီဖြင့်လည်း သွားနိုင်ပါသည်။) ရွာအဆုံးတာရိုးအတိုင်းလျှောက်ပါက နင်းကြမ်း ကျေးရွာသို့ ရောက်ပါပြီ။
အနှစ်ချုပ်အားဖြင့်ဆိုရသော် တစ်ဦးတစ်ယောက်က စလိုက်သော အလှူတိုင်းတွင် အလှူမှာ အတိုင်း အတာတစ်ခုအထိ ပြောင်းလဲဆောင်ရွက်မိနေခြင်းကြောင့် လှူဒါန်းသော အလှူရှင်များကိုလည်း ကျေးဇူးတင်ရှိ သည်။ တစ်ဦးတစ်ယောက်က စလိုက်သော အလှူတွင် အခြားသောအလှူရှင်များကလည်း သဒ္ဒါတရား ထက်သန်စွာ ပါဝင်လာခြင်းအတွက်လည်း အတိုင်းမသိဝမ်းသာမိပါသည်။